ပြင်သစ်အသင်းနှင့်အတူ ဆုဖလားများ ဆွတ်ခူးနိုင်ရန် ပြန်လာမည်ဟု ဘာပေ ကြုံးဝါးပြောဆို

အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရပြီးနောက် ပြင်သစ်အသင်းသည် အနာဂတ်တွင် အောင်မြင်မှုများစွာ ရအောင်ကြိုးစားမည်ဖြစ်ကြောင်း ပြင်သစ်အသင်းနှင့်အတူပြန်လာမည်ဖြစ်ကြောင်း ဘာပေက လူမှုကွန်ရက်မှ တစ်ဆင့်ပြောကြားခဲ့သည်။

Dec 20, 2022 - 17:09
 0  2
ပြင်သစ်အသင်းနှင့်အတူ ဆုဖလားများ ဆွတ်ခူးနိုင်ရန် ပြန်လာမည်ဟု ဘာပေ ကြုံးဝါးပြောဆို
ပြင်သစ်အသင်းနှင့်အတူ ဆုဖလားများ ဆွတ်ခူးနိုင်ရန် ပြန်လာမည်ဟု ဘာပေ ကြုံးဝါးပြောဆို

ဘာပေသည် အာဂျင်တီးနားနှင့်ကစားသည့် ဗိုလ်လုပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သော်လည်း ဒုတိယဆုနှင့်သာ ကျေနပ်ခဲ့ရသည်။ ၁၉၆၆ အင်္ဂလန်မှ ဂျော့ဟက်စ်နောက်ပိုင်းတွင် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဟက်ထရစ် သွင်းယူနိုင်သော ပထမဆုံးဘောလုံးသမားအဖြစ်ဘာပေက မှတ်တမ်းဝင်ခဲ့သည်။

ဂျော့ဟက်စ်က ထိုစဉ်က ဟက်ထရစ်သွင်းပြီး ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်သော်လည်း ဘာပေမှာမူ မက်ဆီ၏ အာဂျင်တီးနားအသင်းကို ရှုံးနိမ့်ခဲ့ရသည်။ တနင်္လာနေ့မနက်တွင်ဘာပေက တွစ်တာမှ တစ်ဆင့် “ပြင်သစ်အသင်းနှင့်အတူ ပြန်လာမည်” ဟု ရေးသားကာ ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ၂၀၂၆ အမေရိကန်မက္ကဆီကိုနှင့် ကနေဒါတို့တွင် ကျင်းပမည့်ကမ္ဘာ့ဖလားကို အရယူရန် ဘာပေသည် ယခုကတည်းက စိန်ခေါ်လိုက်သကဲ့သို့ဖြစ်နေကြောင်း မီဒီယာများက သုံးသပ်ဖော်ပြသည်။ ဘာပေသည် ကာတာကမ္ဘာ့ဖလားတွင် ၈ ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းသူ ရွှေဖိနပ်ဆုကို ရရှိခဲ့သည်။ အသက် ၂၃ နှစ်အရွယ်ရှိ ဘာပေသည် ကမ္ဘာ့ဖလား ၂ ကြိမ်ပါဝင်ကစားထားပြီး ကမ္ဘာ့ဖလားသွင်းဂိုး စုစုပေါင်း ၁၂ ဂိုးရရှိထားပြီး ပီလီနှင့် ကမ္ဘာ့ဖလားသွင်းဂိုး စံချိန်တူနေသည်။

ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးတန်းစီဇယားတွင် ဘာပေသည် အဆင့် ၆ နေရာ၌ ရပ်တည်နေပြီး ထိုစာရင်းတွင် ဦးဆောင်နေသော ဂျာမနီမှ ကလိုဆေးထက် ၄ ဂိုးလျော့နည်းနေသည်။ လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားတွင် ဘာပေသည် အသက် ၂၇ နှစ်သာရှိဦးမည်ဖြစ်သောကြောင့် ကလိုဆေး၏ စံချိန်ကို ကျော်တက်ရန် အလားအလာ ကောင်းကြောင်း သတင်းများက ဖော်ပြသည်။

နောက်ဆုံးကျင်းပသည့် ကမ္ဘာ့ဖလား ၇ ကြိမ်တွင် ပြင်သစ်အသင်းသည် ၄ ကြိမ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး ထို ၄ ကြိမ်တွင် ၂ ကြိမ်ရှုံးနိမ့်ကာ ၂ ကြိမ်အနိုင်ရရှိခဲ့ခြင်းကြောင့် ပြင်သစ်သည် ဘောလုံးအင်အားကြီး နိုင်ငံတစ်ခု ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီဖြစ်သည်ဟု မီဒီယာများက ဖော်ပြသည်။

What's Your Reaction?

like

dislike

love

funny

angry

sad

wow

Phyo Wai Tun Life is not all about money. There are so many more to do and enjoy. I am just a random guy living with my own attitude.